မြိတ်မြို့


မြိတ်မြို့သည်တနင်္သာရီတိုင်း၏မြို့တော်နှင့်အရေးအပါဆုံးသောပင်လယ်ဆိပ်ကမ်းမြို့
ဖြစ်သည်။ နိုင်ငံတကာ ရေထွက်ပစ္စည်း ရောင်းဝယ်ရေးဈေးကြီးသည် မြိတ်မြို့တွင်
တည်ရှိသည်။ တနင်္သာရီမြစ်သည် မြိတ်မြို့အနီးတွင် ကပ္ပလီပင်လယ်ထဲ စီးဝင်သည်။ မြိတ်မြို့သည် ပင်လယ်ဝ၌ တည်ရှိကာ သာယာလှပေသည်။ အရှေ့ဘက်တွင် တနင်္သာရီရိုးမ၊ အနောက်ဘက်တွင် မြိတ်ကျွန်းစု၊
မြောက်ဘက်တွင် ပုလောမြို့နယ်၊တောင်ဘက်တွင်တနင်္သာရီမြို့နယ်တို့နှင့် ဆက်စပ်နေသည်။မြိတ်မြို့ စီးပွားရေးအချက်အချာလည်း ကျလှပေသည်။ မြိတ်မြို့၏စီးပွားရေးသည် သတ္တု၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ ငါးပိ၊ ဆား၊ ရာဘာ၊ သီဟို၊ ကွမ်းသီး၊ လုပ်ငန်းများပေါ်တွင် မူတည်သည်။ အထူးသဖြင့် ပြည်ပပို့ကုန်များဖြစ်သော ငါး၊ ပုစွန်၊ ပုလဲတို့ မွေးမြူရေး လုပ်ငန်းသည် မြိတ်မြို့တွင် တည်ရှိကာ အအေးခန်းစက်ရုံများ၊ ငါးမှုန့်စက်ရုံများလည်း ပေါများလှပေသည်။ မြိတ်မြို့သည် ရှေးဟောင်းစေတီပုထိုးများ၊ အပန်းဖြေနေရာများ ပြည့်နှက်လျက်ရှိသဖြင့် ဘုရားဖူးဧည့်သည်များ၊ ကမ္ဘာလှည့်ခရီးသည်များ နှစ်သက်ကြသည်။ သိမ်တော်ကြီး၊ဘူးဘုရားစေတီတော်၊ ပထော်ပထက်တောင်ညီနောင်၊ ပေါ်တော်မူ စေတီတော်၊ ရွှေတိဂုံစေတီတော်၊ ဘိုတောင်ရေတံခွန် တို့မှာ ထင်ရှားကျော်ကြားသည်။ မြိတ်မြို့သို့ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် လာနိုင်ပါသည်။ လမ်းပန်းဆက်သွယ်ရေးကလည်း အဆင်ပြေလှပေသည်။ ဒေသတွင်း၌ AirBagan၊ မြန်မာ့လေကြောင်း တို့အပြင် အမြန်ရေယာဉ်များ၊ Express-Bus များဖြင့် ပြေးဆွဲပေးလျက်ရှိသည်။ တစ်မူထူးခြားသည်မှာ မြိတ်ဒေသရှိ လူမျိုးများ၏ စကားပြောဟန်မှာ ဒေသတွင်းလူမျိုးများဖြစ်သော မွန်၊ မြန်မာ၊ ပုလော၊ထားဝယ် လူမျိုးတို့နှင့်အနည်းငယ် ကွဲပြားနေခြင်းပင် ဖြစ်သည်။ ဒေသအစားအစာများအနက် ပင်လယ်စာ (sea foods)၊ ကတ်ကြေးကိုက်တို့မှာ နာမည်ကျော် လူကြိုက်များလှသည်။

0 ဦးက ဒီလိုပြောတယ်။

Make A Comment